မောင်တောမြို့ခံ နေရပ်စွန့်ခွာ ရိုဟင်ဂျာများ

ရေးသူ – အဒူရော်မန်

၂၀၂၄ခုနှစ် ဩဂုတ်လ ၀၅ ရက်၊ တနင်္လာ နေ့ သည် သေနတ်၊အမြောက်၊ ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခြင်း၏ အခိုးအလျှံနှင့် ပြည့်နှက်နေသော၊ လူ့စိတ်ထဲတွင် အနာတရဖြစ်စေသော၊ ရိုဟင်ဂျာလူမျိုးအပေါ်  ထပ် ဘေးဒုက္ခ ဆိုက်သောနေ့ ဖြစ်သည်။

မောင်တောဟူသည့် မြို့သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ဘက်စွန်းတွင် တည်ရှိပြီး ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့မှစ၍ မြန်မာစစ်တပ်သည် ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် နောက်ပိုင်းကာလကပင် ရိုဟင်ဂျာများသည် အသက်ဆက် နေထိုင်ရာ ဒေသများထဲမှ လူများစုဝေး ခိုလှုံရာ မြို့ တစ်မြို့ ဖြစ်လာသည်။ ရခိုင်ပြည်နယ်တွင် ရခိုင့်တပ်တော် အေအေ ( AA) နှင့် မြန်မာ့စစ်တပ်အကြား အပြိုင်အဆိုင် တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး ဩဂုတ်လ ၀၅ ရက်နေ့၌ အေအေသည် မောင်တောမြို့နယ်ကို သိမ်းပိုက်ရန် ပြင်းထန်သော စစ်ဆင်ရေး တစ်ရပ်ကို စတင်ခဲ့သည်။

 မောင်တောမြို့ရှိကျေးရွာများမှ ရိုဟင်ဂျာသောင်းနှင့်ချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးရာ၌ အေအေသည် မောင်နီရွာ၊ ရွှေဇား၊ ပန်းတော်ပြင်ကျေးရွာတို့တွင် ခြေကုပ်ယူပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရန် နတ်မြစ်ကမ်းစပ်တွင် စုရုံးနေသော အရပ်သားရိုဟင်ဂျာများကို မောင်းသူမဲ့လေယာဉ်၊ ရှော့တိုက်ဒုံး၊ အမြောက်များဖြင့် ပစ်ခတ်မှုကြောင့် ရာနှင့်ချီသော ရိုဟင်ဂျာများ အသက်ဆုံးရှုံးခံခဲ့ရသည်။ ရခိုင်သင်္ချိုင်းဂူအနီး ကမ်းရိုးတန်းတစ်လျှောက်တွင် ပြန့်ကျဲနေသော ရုပ်အလောင်းများကို ဟိုဘက်သည်ဘက် တွေ့ရသည်ဟု မျက်မြင်သူများက ပြောဆိုပါသည်။

 စစ်‌ဘေးကို ကိုယ်တိုင်ရင်ဆိုင် နေသော သောင်းနှင့်ချီသော ရိုဟင်ဂျာမိသားစုများအနက် ဦးဖော်ယာဇ်သည်လည်း မိသားဝင်များနှင့် အတူ ဗုံးပေါက်ကွဲရာ နေရာ၌ ရှိ၏။ ဖော်ယာဇ်သည် ရသမျှ အိတ်အထုပ်ဖြင့်လည်းကောင်း၊ သူ့ဇနီး နီဆာသည်  ၆ နှစ်အရွယ် သမီးလေးကိုလည်းကောင်း သယ်ဆောင်လာပြီး အကြီးဆုံးသားကမူ ထက်ကြပ်မကွာ  လိုက်ပြေး၏။ ဇနီးသည်၏ ညီမလည်း ၈ နှစ်သားအရွယ် သားလေးကို ပွေ့ချီကာ ပြေးနေသော် ဗုံးချခံ၍ ချက်ချင်းသေသွားရှာပြီ။ ကလေးငယ်သည် ဒဏ်ရာအပြင်းအထန် ရသော်လည်း အသက်ငင်လျက်ရှိ၏။

“ကျွန်တော် ကလေးငယ်ကို သယ်၍ ‌ဗုံးပေါက်ကွဲခြင်း ရပ်တန့်‌ချိန်ကို စောင့်ဆိုင်းနေစဉ် သူ သေဆုံးသွားပါသည်။”

နီဆာသည် ညနေ ၅ နာရီခန့်တွင် မြစ်ကမ်းပါးသို့သွား၍ လိုက်လံရှာဖွေသော် မကြာမီ မိခင်၊ နှမ တို့ကို တွေ့‌‌ သောအခါ သူတို့နှင့် လိုက်ပြေးရန်ဆုံးဖြတ်ခဲ့၏။ ဗုံးပေါက်ကွဲသံကို ကျယ်ကျယ်လောင်လောင် ကြားရ၍ မြေပြင်မှာ လဲနေသောအခါ ဒရုန်းများကို သုံးပြီး မိမိတို့ကို ဗုံးကြဲသဖြင့် အားလုံး အပစ်ခံခဲ့ ရပါပြီ။ ဒေါ်နီဆာသည် သူ့မိသားစုထဲမှ တစ်ယောက်တည်းသာ အသက်ရှင် ကျန်ရစ်ခဲ့သည်။ သို့ဖြစ်၍ ဦးဖော်ယာဇ်၊ ဒေါ်နီဆာ နှင့် သမီးတို့သည် နတ်မြစ်ကူးဖြတ်မည်ဟု စဉ်းစားသော် ဖော်ယာဇ် သယ်ယူလာသော ကလေးငယ်အလောင်းကို သူတို့နှင့်အတူ သယ်ခွင့်ပြုရန် တောင်းဆို‌သော်လည်း လှေသမားက ငြင်းဆိုခဲ့ပါသည်။ ထို့ကြောင့် မြစ်ကမ်းနားမှာ ကျင်းတူးပြီး အလောင်းကို အမြန်မြှုပ်နှံ ခဲ့ရ၏။ ဤသည် ဖော်ယာဇ်၏ မိသားစု အကြောင်းတည်း။

ဤသို့  သောင်းနှင့်ချီသော ရိုဟင်ဂျာများသည် သေဘေးမှ လွတ်မြောက်ရန် လမ်းကြောင်းများကို ရှာဖွေရင်း ညအချိန်ရောက်လျှင် အစာရေစာပြတ်လပ်မှုကြောင့် ရင်သွေးကလေးငယ်များမှာ မိဘရင်ခွင်ထဲ၌ပင် အသက်ဆုံးရှုံးခဲ့၏။ နတ်မြစ်ကြီးကို ကူးဖြတ်‌သော် လှေသင်္ဘောကား ရှားပါးလှ၏။ သစ်သားဖောင် စီး၍ နတ်မြစ်ကို ကူးရန် ကြိုးစားမိသော လူအချို့မှာ ဖောင်မှောက်၍ သေဆုံးရှာ၏။ အချို့လူများမှာမူ  ရရာ ရိုးရိုးလှေစီး၍ လုံးချင်းမိသားစုအလိုက် ကူးဖြတ်ခဲ့ကြ၏။ မြစ်ရေတည်ငြိမ်ချိန်၌ ကူးဖြတ်သော လူများသည် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနိုင်ခဲ့သည်။ သို့သော် ရေကြာင်းစွမ်းအားကသန်၊ လှေက ရေလှိုင်းနှင့် မနိုင်သောကြောင့် အချို့မှာ  နတ်မြစ်မှာ ကျက်စားနေသော သတ္တဝါ ငါး၊ ကဏာန်းတို့၏ အစာဖြစ်သွားပြီး အခြားသော ရုပ်အလောင်းများသည် နတ်မြစ်၏ နှစ်ဖက်သော သဲသောင်ကမ်းစပ်တို့၌ ဆိုက်ကပ်ကြ၏။ ဤ အဖြစ်အပျက်ကို မြင်ရသူတိုင်း မျက်ရည်မိုးချခဲ့သည်။

နောက်နေ့ ၊ ဩဂုတ်လ ၆ ရက်၊ လှေနစ်မြှုပ်မှုမှာ

“သြော်……….. အ‌ဖေရယ် ငါ့ကိုကယ်ပါ ငါရေနစ်နေတယ်”

ဟူသည့် နောက်ဆုံးအော်သံကို သားသမီးငါးယောက်စလုံး မဆုံးရှုံးခင် ရိုဟင်ဂျာဖခင် ဆရာဦး မူဟာမတ်ဆာ်လိမ်က ထိုအော်သံကို ကြားရသော် မကယ်ထုတ်နိုင်သဖြင့် အလွန်ပင် ရင်နင့်ဖွယ်ဖြစ်သည်။ ဦးမူဟာမောတ်ဆော်လိမ် ညီမ၏ သားသမီး လေးယောက်စလုံး‌မှာလည်း ရေနစ်ဆုံးရှုံးသွားသည်။ သူတို့၏  ဝမ်းနည်းပူဆွေးမှုကား အတိုင်းမသိသော စိတ်သောကအဖြစ် စိတ်ထဲတွင် စွဲမြဲနေ၏။

ထိုအချိန်တွင် ရိုဟင်ဂျာသောင်းနှင့်ချီ၍ ဆင်းရဲဒုက္ခအတိနှင့် ရှိကြကုန်၏။ နတ်မြစ်ကြီးအလယ်၌ လှေငယ်နှင့် မျောနေစဉ် ပင်လယ်ဓားပြတို့သည် ရိုဟင်ဂျာတို့၏ လက်ဝတ်ရတနာ၊ ရွှေ၊ ငွေ စသော တန်ဖိုးအတိုင်းကြီးမားသော ပစ္စည်းကို လုယူခဲ့၏။ ဤမျှ အခက်အခဲ ရင်ဆိုင်ကာ နတ်မြစ်ကို ကျော်ဖြတ် ပြီးလျှင် ဘင်္ဂလားဒေ့ရှ် ကမ်းစပ်ဘက်မှာ လှေပေါ်က ဆင်း၍ သက်ပြင်းချခဲ့ကြ၏။ အချို့နေရာမှာ ဒေသခံများ၏ ကူညီမှုကို ရရှိခဲ့သော်လည်း အများစုမှာ လမုပင်၊ လမဲ့ပင်၊ ကျွန်းပင် ကဲ့သို့သော သစ်ပင်များအောက်တွင်သာ လဲနေရရှာသည်။ ထိုအချိန်၌ တဏှာလောဘကြီးမားသော ဒေသခံအချို့သည် အမျိုးသမီးကိုယ်ထည်မှ ရွှေ၊ ငွေများကို အတင်းအဓမ္မ လုယူခဲ့ကြ၏။ ဓားပြတို့သည် သေနတ်၊ ဓားနှင့် ရှိသည်ကို တွေ့မြင်ရသဖြင့် အမျိုးသမီးနှင့် ကလေးငယ်များ၏ အော်သံ၊ ငိုသံသည် ပဲ့တင်ထပ်လျက် ရှိ၏။ အားလုံးဆုံးရှုံးပြီး လက်လွတ်သာ ငေးမှိုင်နေ၏။ ခိုကိုးရာမဲ့ ရိုဟင်ဂျာများ၏ ‌ငိုကြွေးသံ၊ အော်သံနှင့် အုတ်အုတ်ကျက်ကျက် ဖြစ်၏။ လူတွေအာလုံးနီးပါး အားချည့်ချည့်ပါးပါး ဖြစ်ကုန်ပြီ။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်၌ ယခင်က ‌ယာယီနေထိုင်သော ရိုဟင်ဂျာ ဒုက္ခသည်များရှိရာသို့ လာရောက်ခိုလှုံရန် ခရီးပြင်းနှင်ကြပြန်၏။ ဒုက္ခသည်စခန်းသို့ ရောက်ရှိပြီးနောက် အများစုက ဆွေမျိုးတို့၏တဲအိမ်၌ လည်းကောင်း၊ အချို့မှာ တွေ့ကရ လေဟာပြင်၌ တာပေါလင်အမိုး‌အောက်၌ လည်းကောင်း ယာယီတည်းခိုခွင့်ရခဲ့၏။ သို့သော် သူတို့၏ စားရေးသောက်ရေး၊ ‌ကျန်းမာရေး၊ ပညာရေး၊ နေထိုင်ရေး စသည့် အရေးကိစ္စတို့အတွက် အလွန် အခက်အခဲရင်ဆိုင်နေရသည်။ UNHCR ကမှလည်း ခိုကိုးရာမဲ့သူတို့ကို တစ်စုံတစ်ရာ မှတ်ပုံတင်ခြင်း မရှိသေးသောကြောင့် ဝမ်းရေးကအစ အခြေခံလိုအပ်ချက်များအတွက်ပါ အမြဲ ရင်ဆိုင်ခဲ့ကြ၏။  မကြာ‌သေးမီက မိသားစုတစ်စုလျှင် စောင်၊ ဖျာ ၊ အိုး ၊ ဓာတ်မီး ကဲ့သို့သော အိမ်သုံးပစ္စည်းများပါသော အိတ်အထုပ် တစ်ထုပ်စီ UNHCR မှ ရရှိသည်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)သည်လည်း  ရိက္ခာ နှစ်လခန့် ဖြန့်ဝေပြီး ရိက္ခာဖြန့်ဝေမှုကို  ရုတ်တရက် ရပ်စဲလိုက်သည်။

ဤသို့လျှင် မောင်တောဒေသမှ နေရပ်စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းသို့ ရောက်ရှိလာသော ရိုဟင်ဂျာများကို တည်ငြိမ်မှု ဖန်တီးပေးရန်၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် လူသားချင်းစာနာမှု အထောက်အပံ့များကို ပိုမိုတိုးချဲ့ပေးရန် လိုအပ်ပြီး သူတို့၏ အနာဂတ်အပေါ် ယုံကြည်မှုကို ဖွံ့ဖြိုးစေသည့် နည်းလမ်းများကို ဆွေးနွေးရှာဖွေရန် လိုအပ်ပါသည်။ ထို့အပြင်  ရိုဟင်ဂျာဒုက္ခသည်များသည် ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးကို နိုင်တကာအဖွဲ့အစည်းအနေဖြင့် ဦးစားပေး ဆောင်ရွက်သင့်ကြောင်း ပြောလိုပါတော့သည်။

ရေးသူ – အဒူရော်မန်


Discover more from Rohingya Academic Research Institute

Subscribe to get the latest posts sent to your email.

2 thoughts on “မောင်တောမြို့ခံ နေရပ်စွန့်ခွာ ရိုဟင်ဂျာများ”

Leave a Reply

Scroll to Top

Discover more from Rohingya Academic Research Institute

Subscribe now to keep reading and get access to the full archive.

Continue reading